Tuesday, January 19, 2010

Fwd: ဆွေးနွေးခန်း (၁၃)



ဆွေးနွေးခန်း (၁၃)

မေး - ကဲ ဒီတခေါက်တော့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးစရာလေးတွေ တော်တော်စုထားမိတယ်ဗျ။ ပထမဦးဆုံး မေးခွန်းကတော့ဗျာ ၂ဝ၁၀မှာ ရွေးကောက်ပွဲ တကယ်လုပ်မှာလား ဆိုတာပဲ။ အခု အချိန်ထိ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း နည်းလမ်းဆိုတာလဲ ရေရေရာရာ မရှိသေး တိကျတဲ့ အချိန်သတ်မှတ်ထားခြင်းလဲ မရှိ ပါတီတွေကို စနစ်တကျ မှတ်ပုံတင်ခွင့် စည်းရုံးလှုပ်ရှားခွင့် မပေးသေးလေတော့ ကျွန်တော်ဖြင့် ဒီ ရွေးကောက်ပွဲ ဆိုတာ ဖြစ်လေမလားတောင် အတော်သံသယ ရှိတာကလားဗျ။

ဖြေ - ပြည်ပဖိအားတွေကို မခံနိုင်တော့ လုပ်ပေးရမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ နအဖက ကြံစည်နေတာ နှစ်တော်တော်ကြာပြီဗျ။ ခင်ဗျားထင်သလိုပါပဲ ရွေးကောက်ပွဲဟာ နအဖရဲ့ ရွှေ့ကွက်တခုပါပဲ ဒါပေမဲ့ ဒီရွှေ့ကွက်ဟာ နအဖ မျှော်လင့်ထားသလို နောက်ဆုံးတန်းကို ဝင်ပြီးဘုရင်မရမဲ့ ကိန်းလို့ နအဖကတွက်ပြီး ရွှေ့လိုက်တာပါပဲ။ ပြောရမယ်ဆိုရင်တော့ဗျာ စည်းရုံးထားတဲ့ အသင်းဝင်တချို့နဲ့ ကြံဖွံကို အနိုင်ပေးပြီး အဏာကို ဆက်ပြီး ချုပ်ကိုင်ထားဖို့ အကြံပါပဲ။ ဒါပေမဲ့ ဒီအကြံဟာ အစတုန်းက အရူးတယောက်ရဲ့ ခပ်ကြောင်ကြောင် အိုင်ဒီယာ အနေနဲ့ စခဲ့ပြီး နအဖရဲ့ အခါတော်ပေးတွေနဲ့ တိုင်ပင်ပြီး ဒီ အခြေအနေကို ရောက်လာတာကလား။ ဒါပေမဲ့ ထင်သလိုမဖြစ်လာရင် တိုင်းပြည်အခြေအနေ ရှုပ်ထွေးမတည်ငြိမ်သဖြင့် ရွေးကောက်ပွဲကို ကျင်းပရန် မသင့်တော် ဆိုတာမျိုးနဲ့ ဖျက်ပြစ်ဖို့ လည်း ရှိတယ်။ နအဖရဲ့ အစီအမံက ဂလိုဗျ။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုနိုင်ပြီး လုပ်ချင်ရာကို အတင်းအကျပ်စီမံနိုင်ခြင်းကို အမာခံအနေနဲ့ထားတဲ့ နအဖဟာ ၂၀၁၀ မှာလည်း အဓိက ပြိုင်ဘက် အန်အယ်ဒီရဲ့ ခြေလှမ်းကို စောင့်ကြည့်ပြီး ရွေးကောက်ပွဲကို ဆက်သွားမလား တိုင်းပြည်ကို ဗရုတ်ဗရက် ဖြစ်အောင်လုပ်ပြီး ရွေးကောက်ပွဲကို လျှော်လိုက်မလား ဆိုတဲ့ လမ်း ၂ သွယ်ရွေးခွင့်ကို ဆုပ်ကိုင်ထားတုန်းပဲ လို့ ကျွန်တော် သိရတယ်ဗျ။

မေး - တိုင်းပြည်ကို ဗရုတ်ဗရက်လုပ်ပြီး ရွေးကောက်ပွဲကို လျှော်လိုက်မယ်ဆိုတာတော့ မဖြစ်နိုင်ဘူးထင်တယ်။ ပြည်သူလူထုက ခံစားနေရတာ ကြာပြီဗျ အုံကြွမှုတခု ဖြစ်လာရင် နအဖက ကိုယ့်သေတွင်းတူးတာနဲ့ အတူတူပဲ မဟုတ်ဖူးလား။

ဖြေ - ခင်ဗျားပြောတာ နအဖကြောက်တဲ့ လူထုအုံကြွမှုမျိုးကို ဆိုလိုတာ၊ ကျုပ်ပြောတာကတော့ နအဖကိုယ်တိုင် စနစ်တကျနဲ့ စီမံထားတဲ့ ရွေးကောက်ပွဲကို နှောင့်နှေးကျန့်ကြာစေမဲ့ ဆူပူမှုမျိုး မတည်ငြိမ်မှုမျိုးဗျ။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ မျှော်မှန်းသလို ဖြစ်မလာပဲ အတိုက်အခံတွေကို အခွင့်ကောင်းဖြစ်စေမဲ့ဟာတွေ ဖြစ်လာခဲ့ရင်ပေါ့။ ခုချိန်မှာတော့ ရွေးကောက်ပွဲ လမ်းကို သွားနေတာပေါ့ဗျာ။

မေး - ဒါဆို နအဖ ကရွေးကောက်ပွဲ လမ်းကို သွားနေတုန်းပဲလို့ ခင်ဗျားက ပြောချင်တာလား။

ဖြေ - နအဖက ဒီရွေးကောက်ပွဲလမ်းကို စနစ်တကျသွားနေတယ်လို့ ပြောရင် ပိုမှန်မယ်ဗျို့။ အတွင်းထဲမှာ အကောက်ဉာဏ် အပြည့်နဲ့ အကြံဆိုးရှိနေတဲ့ နအဖဟာ ပထမဦးဆုံး ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် အငြင်းပွားမှုလေးတွေ ဖြစ်အောင် အန်အယ်ဒီကို လုပ်ခဲ့တာ မှတ်မိမှာပေါ့။ ဒီလို လုပ်ခြင်းအားဖြင့် ယခင်က တကယ့်စစ်မှန်တဲ့ ပြည်သူ့သဘောထား ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အန်အယ်ဒီက အခိုင်အမာ ဆုပ်ကိုင်မထားနိုင်အောင် တိုက်ခိုက်လိုက်တာပဲ ဖြစ်တယ်ဗျ။ အန်အယ်ဒီက ၁၉၉၀ ရလဒ်ကို ကိုင်စွဲထားနေခြင်းဟာ နအဖကို စူးနေတဲ့ ဆူးပဲ ဖြစ်ပြီး နအဖ ရဲ့ အကြံက ဒီဆူးကို ၂၀၁၀ မှာ အမြစ်ပြတ်နုတ်ဖို့ ဖြစ်တယ်ဗျ။ အန်အယ်ဒီဟာ ၂၀၁၀ မှာ ပါဝင်ခဲ့ရင်လည်း နအဖက မဲလိမ်ပြီး နိုင်မှာပဲ။ မပါခဲ့ရင်လဲ နအဖက မဲလိမ်ပြီး စင်ပေါ်တက်မှာပဲဗျ။ ဒါဟာ ကနဦး အစတည်းက နအဖရဲ့ အကွက်ပေါ့ဗျာ။

မေး - ဒါဆို ရွေးကောက်ပွဲ ဝင်တာဟာ နအဖလိုချင်တဲ့ အတိုင်း ၁၉၉၀ ရလဒ်ကို စွန့်လွှတ်တာ ဖြစ်တယ်လို့ ခင်ဗျားဆိုလိုချင်တာပေါ့။ ၂၀၁၀ မှာ နအဖက အန်အယ်ဒီလို အားကောင်းတဲ့ ပြိုင်ဘက်တယောက် ရွေးကောက်ပွဲ ဝင်မပြိုင်ပဲ သက်တောင့်သက်သာ အနိုင်ရဗိုလ်စွဲသွားနိုင်တာကရော ကျွန်တော်တို့ မလိုချင်တဲ့ အဖြေတခု ဘာကြောင့် မဖြစ်တာလဲ။

ဖြေ - တစ် အချက်ကတော့ အန်အယ်ဒီက မိမိရဲ့ ဖိအားကို လျှော့ချလိုက်သလို ဖြစ်သွားပြီး ၁၉၉၀ တကယ့် တရားဝင် မဲအနိုင်ရထားမှုနဲ့ ဦးဆောင်နေမှု ကိုစွန့်လွှတ်ပြီး နအဖရဲ့ ခင်းထားတဲ့ သတ်ကွင်းလမ်းထဲကို တိုးဝင်သလိုဖြစ်သွားတာပဲဗျ။ နှစ်အချက်ကတော့ တချိန်လုံး တရားမမျှတစွာ အတည်ပြုထားတဲ့ အခြေခံဥပဒေပါလို့ ဆန့်ကျင်ခဲ့တာကို ကိုယ့်ဘာသာကို လျှောချပြီး အတည်ပြုလက်ခံပေးလိုက်ရာ ရောက်တယ်ဗျ။ တတိယ အချက်ကတော့ နအဖဟာ အခြေခံဥပဒေမှာတုန်းကလို မဲလိမ်ပြီး အနိုင်ရအောင်လုပ်တဲ့ နည်းလမ်းကို တော်တော်အားထားနေတယ်ဗျ။ ရွေးကောက်ပွဲမှာလဲ အလားတူ မဲလိမ်ဖို့ အတွက် အရေးပါတဲ့ မဲရေတွက်လက်ခံသူတွေကို နအဖက အပိုင်ကိုင်စည်းရုံးနေပြီး အနိုင်နဲ့ ပိုင်းဖို့ လုပ်နေတယ်ဆိုတာ ခင်ဗျားလက်တွေ့ပဲလေဗျာ။

မေး - ခင်ဗျား ပြောသလိုဆို အန်အယ်ဒီက ၂၀၁၀မှာ ဒီအတိုင်းလက်ပိုက်ကြည့်နေရမှာလား။ အန်အယ်ဒီမပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာရလဒ်ထွက်မလဲ ဆိုတာ ခင်ဗျားလဲ သိပြီးသားပဲ။

ဖြေ - နအဖရဲ့ တလအတွင်း ၂ လ အတွင်း ဝုန်းကနဲ ထူထောင်လာမဲ့ ကြံဖွံ တဖြစ်လဲ ပါတီကို ၂၀၁၀ မှာ ထိထိရောက်ရောက် ခါးခါးသီးသီး လုပ်ပြကြဖို့တော့ အားလုံးရဲ့ တာဝန်ပဲလို့ ပြောရမှာပဲ။ ကြံဖွံ အပေါ်မှာ မျက်နှာသာပေးမဲ့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းလေးတွေ ထုတ်ပြန်လာတော့မှာ မကြာခင်။ လုပ်ရမှာကတော့ အန်အယ်ဒီကို လိုလားတဲ့ တတိယမြောက် ပါတီလိုအပ်တယ်ဗျ။ ၂၀၁၀မှာ နအဖရဲ့ ရွေးကောက်ပွဲနဲ့ နအဖကို ပူးသတ်ပြီး အန်အယ်ဒီ အပေါ်မှာ ၁၀၀ ရာခိုင်နှုန်း သစ္စာရှိစွာ ရပ်တည်ပေးမဲ့ တတိယမြောက် ပါတီဟာ ရွေးကောက်ပွဲ မ၀င်ဖို့များတဲ့ အန်အယ်ဒီ အတွက် ထိရောက်တဲ့ အနီးကပ်လက်နက် ဖြစ်တယ်ဗျ။ နအဖ ဟာ ပါတီတွေ မှတ်ပုံတင်ခွင့်ကို နောက်ကျမှ လုပ်ခွင့်ပေးခြင်းအားဖြင့် ဒီအခွင့်အရေးကို အားနည်းအောင်ပြုလုပ်နေတယ်လို့ ကျွန်တော်မြင်တယ်ဗျာ။

မေး - ခင်ဗျား ပထမ ပြောဆိုသလို ရွေးကောက်ပွဲကို မဖြစ်မြောက်အောင် နအဖက လုပ်နိုင်တယ် ဆိုတာရော

ဖြေ - ဒါကတော့ တော်တော်လေးကို မဟန်နိုင်တဲ့ အခြေအနေမျိုးမှာမှ ဖြစ်လာမှာဖြစ်ပြီး ဒီလို လုပ်ချင်းအားဖြင့် နအဖ ဟာ တော်တော်လေး နောက်ကို ပြန်ရောက်သွားမှာဗျ။ ရွေးကောက်ပွဲဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်အုပ်စုရဲ့ ဖိအားကို လျှော့ချဖို့ အတွက် အကောင်းဆုံး လက်နက်ဖြစ်ပြီး  စီးပွားရေးပိတ်ဆို့မှု ကိုပါ ရုတ်သိမ်းဖို့ အတွက် နအဖဟာ မျှော်လင့်ထားနေတယ်လို့ သတင်းရရှိထားတယ်ဗျ။ ဒီတော့ ရွေးကောက်ပွဲဟာ နအဖ အတွက် မရွေးလို့ မရတဲ့ လမ်းဖြစ်နေပြီး ဒီအပေါ်မှာ ခုနကပြောခဲ့သလို မဲလိမ်မှုနဲ့ အနိုင်အားလုံးကို ရဖို့ နအဖက စီစဉ်နေတယ်။ တချိန်တည်းမှာလည်း ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းနဲ့ ပါတီတွေ လှုပ်ရှားလာနိုင်ခွင့်ကို နောက်ကို တတ်နိုင်သမျှ ဆုတ်ပြီး ကန့်သတ်ထားခြင်းအားဖြင့် ကြံဖွံနဲ့ နအဖမှာ လွတ်လွတ်လပ်လပ်ဖန်တီး နိုင်စွမ်း များများပေးထားပြီး တခြားပါတီတွေ အန်အယ်ဒီတွေကို ကျဉ်းကျပ်အောင် လုပ်ထားခြင်းဟာ နအဖရဲ့ နည်းဗျူဟာ ဖြစ်တယ် ဆိုတာပဲ ကိုယ့်လူရ။

ဆက်ပါဦးမည်။




No comments:

Post a Comment