Thursday, July 22, 2010

Fwd: ဆွေးနွေးခန်း - ၃၁



ဆွေးနွေးခန်း - ၃၁

မေး - အရင်နေ့တွေက ပြောခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲအတွက် လက်နဲ့ရေးတာတွေကို ခြေနဲ့ဖျက်ဖို့ နည်းဗျူဟာများဆွေးနွေးတာလေးကို ခဏရပ်ထားပြီး အရေးကြီးတဲ့ အကြောင်းအရာတခုကို ဆွေးနွေးလိုသဗျ။ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားနိုင်တာနဲ့ ပတ်သက်ပြီးပေါ့ခင်ဗျာ။ ဒါဟာ ဘယ်လိုစိုးရိမ်ရတဲ့ အနေအထားမှာရှိတယ် ဘယ်လို ကာကွယ်မှုတွေလုပ်သင့်တယ်။ တကယ်လို့ အရေးကြုံလာရင် ဘယ်လို ပြင်ဆင်မှုတွေလုပ်ထားသင့်တယ် ဆိုတာတွေပေါ့ဗျာ။

ဖြေ - ဒေါ်စုကို လုပ်ကြံဖို့ဆိုတာ ခင်ဗျားပြောသလို လွယ်မှာမဟုတ်ဖူးဗျ။ ဘာကြောင့်လဲဆိုတော့ နအဖ ကိုယ်တိုင်က ဒီဟာကို အကြိမ်ပေါင်းများစွာ စဉ်းစားပြီး ကြိုးစားခဲ့တယ် ဆိုတာကို ခင်ဗျားမသိလို့ပဲ။

မေး - ဒါဆို..

ဖြေ - စိတ်မလောပါနဲ့လေ။ ခင်ဗျားက ဒီပဲယင်းလို ထင်ရှားပြီး မြင်သာတဲ့ အရေးလောက်ပဲ သိတာကိုး ဒါကြောင့်စိတ်ပူနေရတာပေါ့။ ကျွန်တော်က နအဖ လက်ပါးစေတွေ ဆီကရတဲ့ သတင်းတွေကို အမြဲနှိုက်နှိုက်ချွတ်ချွတ် စုံစမ်းသိရှိရနေလို့သာ ခင်ဗျားလောက် စိတ်လှုပ်ရှားမှု မဖြစ်ပဲ တည်ငြိမ်နေနိုင်တာပါဗျာ။ နအဖ အဖွဲ့ဝင် အလိုတော်ရိ များရဲ့ ရွှေညာဏ်တော်တွေက စူးရောက်ပုံကတော့ဗျာ။ ဒီ ဒေါ်စုကို လုပ်ကြံဖို့ အကြံညာဏ်တွေဟာ မကုန်နိုင်အောင်ပါပဲလားဗျာ သူတို့ပေးကြတာတွေ။ အဆိပ်ခတ်ပြီး လုပ်ကြံဖို့။ တဖြည်းဖြည်း ရောဂါရပြီး သေအောင် လုပ်ဖို့ အကြံတွေပေးကြတာ။ ဒါတွေအားလုံး တခုချင်းဆီ နအဖက ကြိုးစားဖို့ လုပ်ခဲ့တာ ခင်ဗျားသိရင် စိုးရိမ်လွန်းလို့ နှလုံးရောဂါတောင်ရနိုင်တယ်။ ကဲပါလေ ဒီလိုဟာတွေ အားလုံးကို မဖြစ်မြောက်စေခဲ့တာဘာလဲ။ နေအိမ် အကျယ်ချုပ်ချထားမှုဟာ နအဖရဲ့ ကြိုးစားမှု ၈၀ ရာခိုင်နှုန်းကျော်လောက်ရဲ့ မအောင်မြင်ရခြင်း အကြောင်းအရင်းပဲဗျ။ ဒေါ်စုရဲ့ ကျန်းမာရေးဟာ နအဖက ၈၀ ရာနှုန်းလောက်တာဝန်ယူထားရသလို ဖြစ်နေတာ။ နအဖဟာ အဓိက ကတော့ သူတို့ကိုယ်တိုင် ပိပိရိရိ ဒေါ်စုကို လုပ်ကြံနိုင်တယ်ပဲထား ဒေါ်စုတစုံတရာဖြစ်ရင် ဖြစ်လာမဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှင်းနိုင်စရာ မရှိဘူးဖြစ်နေတယ်ဗျ။ နိုင်ငံတကာကလည်း ဒေါ်စုကို စောင့်ကြည့်နေပြီး ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေတဲ့ အချိန်မှာ နအဖ အနေနဲ့ ဒေါ်စုကို လုပ်ကြံဖို့ရန် အတွက် ခိုင်မာတဲ့အကြောင်းပြချက် မဖန်တီးနိုင်တာလဲရှိတယ်။ အဲဒီ အခြေအနေတွေကြောင့်ပဲ့ ရွှေညာဏ်ရှင်များရဲ့ လုပ်ကြံရေးအစီအစဉ်တွေဟာ သဲထဲရေသွန် ဖြစ်ရတာပေါ့ဗျာ။ အဲတခုတော့ရှိသဗျ နအဖရဲ့ ဒေါ်စုကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်လေးတခုရှိခဲ့ဖူးတယ်။ အဲဒီအကြံဟာ တော်တော်လေး ပိရိသေသပ်ပြီး နအဖ အတွက် အန္တရာယ်နဲ့ စွန့်စားရမှုတော်တော်နည်းတဲ့ဟာ တခုပေါ့ဗျာ။ အဲဒီဟာမအောင်မြင်ပဲ ဖြစ်သွားရခြင်းဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဒေါ်စုရဲ့ ဥာဏ်အမြော်မြင်ရှိမှု အဓိကကတော့ သူမရဲ့ သူမတူတဲ့ သတိရှိမှုကြောင့်ပါပဲ။ သေးမွှားတဲ့ မပြောပလောက်တဲ့ ထိခိုက်မှုလေးပဲ ဖြစ်ပြီး နအဖ အကြံဟာ ပျက်စီးသွားခဲ့ရတယ်။

မေး - ဒီပဲရင်း မဟုတ်တဲ့ နောက်တခုလား။

ဖြေ - အစစ်ပေါ့ဗျာ။ အားလုံးဟာ နေအိမ် အကျယ်ချုပ်ကျ နေတဲ့ အချိန်မှာဖြစ်ခဲ့တာပေါ့ဗျာ။ ဒေါ်စုရဲ့ သတိကြီးမှုကြောင့်ပေါ့ဗျာ။

မေး - ကျွန်တော့်အနေနဲ့ အများကြီး စိတ်သက်သာရာရပါပြီ။ ဒါဆိုခင်ဗျားပြောပုံအရ နေအိမ်အကျယ်ချုပ်ချထားနေသ၍ ဒေါ်စုကို လုပ်ကြံဖို့ဆိုတာ အလွန်တရာခက်ခဲမယ်။ နအဖဟာ အမှားကို ကျူးလွန်လိုက်တာနဲ့ ရှင်းမရတဲ့ ပြဿနာတွေ ကြုံရနိုင်ပြီး စစ်အုပ်ချုပ်ရေးဟာ အဆုံးသတ်သွားနိုင်တယ်။ ဒါပေမဲ့ အခု ဇာတ်လမ်းကတမျိုးဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့ အသံတွေကြားနေရတယ်။ လွှတ်ပေးပြီးမှ နအဖက ကြံစည်လာရင် ဘာတွေဖြစ်မလဲ ဆိုတာလဲ ပြောပါဦး။

ဖြေ - နအဖဟာ ဒေါ်စုကို လွှတ်ပေးပြီးမှ လုပ်ကြံဖို့ ကြိုးစားမယ်ဆိုရင်လည်း ဒီစွန့်စားမှုဟာ ပေးဆပ်ရမဲ့တန်ဖိုးကြီးမားလှတာကို သူတို့ နားလည်သဘောပေါက်ထားတယ် ဆိုတာရှိတယ်ဗျ။
ကျွန်တော့်ရဲ့ သုံးသပ်ချက်ကတော့ ခုလို ၂၀၁၀ ရွေးကောက်ပွဲ ဗယောက်ဗယက် ကိစ္စ၊ ကြံဖွံရဲ့ အတွင်းရေးပြဿနာ ကိစ္စတွေကြားမှာ ဒေါ်စုကိုလုပ်ကြံဖို့ရာကိစ္စကို လှလှပပနဲ့ အဆုံးအရှုံးမရှိပဲ စီစဉ်နိုင်စရာ အကြောင်း မရှိသေးဘူးလို့ ယူဆပါတယ်။ ဒီလိုပြောလို့လဲ စိတ်ချရပြီလို့ တထစ်ချ မမှတ်နဲ့ဦးဗျ။ အကယ်၍ ရွေးကောက်ပွဲကျင်းပပြီး ကြံဖွံ အနိုင်ရပြီးတဲ့ အချိန်မှာ (ဒါဟာလည်း အခုလို ကျွန်တော်တို့ ကြိုးစားနေကြတဲ့ အချိန်မှာ နအဖ အနေနဲ့ အိပ်မက်တောင် မက်နိုင်မလား ဆိုခင်ဗျား စောင့်ကြည့်နေပေါ့ဗျာ) ဒီကိစ္စဖြစ်ဖို့ကို စီစဉ်ကောင်းစီစဉ်လာနိုင်စရာရှိတယ်ဆိုတာ ခင်ဗျားသိထားဖို့လိုမယ်။ နိုင်ငံအရေး၊ ဒီမိုကရေစီ အရေး အတွက်လှုပ်ရှားနေတဲ့သူတွေ အနေနဲ့ သတိရှိရှိ ကာကွယ်ကြဖို့ပါပဲ။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ဘက်တော်သား အင်အားစုဟာ အင်မတန်မှ ကြီးမားလေးတော့ နအဖကို အခုလိုပုံစံမျိုး အဆက်မပြတ် တိုက်ခိုက်နေပြီး (unrest) အနားမရစေတဲ့ အဖြစ်ဟာလည်း ဒေါ်စုကို ကာကွယ်ပေးနေရာ ရောက်တယ်ဆိုတာ သဘောပေါက်ကြတယ်ဆိုရင် ကျွန်တော်တို့ ကျရာတာဝန်က ကျေပွန်အောင် ရဲရဲရင့်ရင့်ဆောင်ရွက်ကြသင့်တာပေါ့ဗျာ။

မေး - ခင်ဗျားပြောသွားတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ကြိုးစားမယ်ဆို နအဖဟာ သူတို့အုပ်ချုပ်ရေးအာဏာ စွန့်လွှတ်ရသည့်အထိ ဆုံးရှုံးသွားနိုင်စရာရှိတယ်ဆိုတာ အတိုင်းအတာ တခုထိလက်ခံပါတယ်။ နအဖကလည်း သူတို့မှာ သေချာတဲ့ အချက်မရှိပဲ လွယ်လွယ်နဲ့ လုပ်ကြံနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျားမြီးဆွဲမိတဲ့ လူလိုဖြစ်နေတဲ့ နအဖဟာ ကျားစားမခံရပဲနဲ့ အမြီးကိုလွှတ်နိုင်မဲ့ နည်းလမ်း ရှာနေမှာတော့ အသေအချာပါပဲ။ သန်းရွှေဟာ နအဖနဲ့ စစ်အုပ်ချုပ်ရေးရဲ့ အခရာ ဖြစ်သလိုပေါ့။ တချို့စွန့်စားရဲရင့်တဲ့ တော်လှန်ရေးသမားများတောင်သူ့ကို လုပ်ကြံဖို့ကြိုးစားကြတာ။

ဖြေ - အဖြစ်ဖြိုရင်အပင်လဲ ဆိုသလို ဒါကလဲမှန်တဲ့ အချက်တခုပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ မုန့်သည်မသား မုန့်အနားကစ၍ စားသည်ဆိုတာလို အားနည်းတဲ့ အဖျားပိုင်းလေးတွေကနေစပြီး နအဖကို ဆန့်ကျင်တိုက်ခိုက်ခဲ့တာ အသားကျနေလေတော့ ကျွန်တော်တို့ရဲ့  နိုင်ငံရေးလှုပ်ရှားမှု ဆွေးနွေးခန်းကို နောက်အပတ်မှာ ဆက်ဖို့ ပြောရင်း တို့တာဝန် အရေး ၃ ပါးနဲ့ နိဂုံးချုပ်လိုက်ကြရအောင်။

၁၊ နအဖ နှင့် စစ်အုပ်ချုပ်ရေး အပြီးသတ် အမြစ်ပြတ် ချုပ်ငြိမ်းရေး - ဒို့အရေး
၂၊ ညီညွတ် လွတ်လပ်ပြီး တရားမျှတစွာရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံ့အစိုးရသစ် ဖြစ်ပေါ်လာရေး - ဒို့အရေး
၃၊ နိုင်ငံတော်၏ သဘာဝ သယံဇာတ အရင်းအမြစ်နှင့် အလှအပများ မပျက်စီးမပျောက်ကွယ်စေပဲ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရေး - ဒို့အရေး

No comments:

Post a Comment