Friday, September 2, 2011

Fwd : အထူးသတိပြုစရာ အမှတ်မထင်ပြုမိတတ်သည့်ကံ

လူသည် ပျော်ချင်၏။ပျော်တတ်၏။နောက်ချင် ပြောင်ချင်စိတ်ရှိ၏။တစ်ခါတစ်ရံ သူတစ်ပါး ဒုက္ခရောက်နေသည်ကိုပင် ပျော်စရာဟုထင်မှတ်ကာ တဝါးဝါး၊တဟားဟားရယ်မောချင်တတ်၏။တစ်ခါတစ်ရံတွင် ရယ်မောရုံမျှမကပဲ ဒုက္ခရောက်နေသူကိုပင်

သရော် ပြောင်လှောင်မိတတ်ကြ၏။ထိုအပြုအမူများည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ်ကံများပင် ဖြစ်ပေသည်။

ထိုကံများကြောင့် ရရှိသည့် ဆိုးကျိုးတရား များမှာလည်း မသေးလှပေ။

ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုကိုသတိရမိပါတယ်။အဲဒါဘာလဲလို့ဆိုတော့ ဦးဇင်းတို့ နိုင်ငံခြားပညာသင်မထွက်ခင် စာသင်တိုက်တစ်ခုမှာ နေစဉ်အခါက စကားထစ်တဲ့ ဦးဇင်းတစ်ပါးနှင့်တွေ့ဆုံဖူးပါတယ်။အဲဒီဦးဇင်းရဲ့ဆွမ်းခံအိမ်က ဒကာကြီးတစ်ယောက်က စကားထစ်တဲ့ဦးဇင်းကို နောက်ချင်စိတ်နဲ့ အဲဒီဦးဇင်းလိုပဲ စကားထစ်အောင် ပြောင်ပြီးပြောပါတယ်။တစ်နှစ်နီးပါးလောက်ကြာလာတော့ စကားထစ်တဲ့ ဦးဇင်းက စကားမထစ်တော့ ပဲပြောင်လှောင်မိတဲ့ ဒကာကြီးမှာ စကားထစ်တဲ့ အကျိုးကိုလက်တွေ့ခံစားရလိုက်ပါတယ်။ဒါက အမှတ်မထင်ပြုမိလိုက်တဲ့ အကုသိုလ်ကံရဲ့ဆိုးကျိုးလေးတစ်ခုပါ။

နောက်တစ်ခုကျတော့ လမ်းလျှောက်လျှင် မွေးရာပါ ခြေထောက်ထော့နဲ့နဲ့ ရောဂါဝေဒနာကိုခံစားနေရတဲ့ ဦးဇင်းတစ်ပါးကိုလည်း ကြုံဖူးပါတယ်။အဲလိုပဲ ဒကာတစ်ယောက်က ဦးဇင်းလေးလမ်းလျှောက်တာကို ပျက်ရယ်ပြုပါတယ်။များမကြာမီမှာပဲ အဲဒီပြက်ရယ်ပြုတဲ့ ဒကာကြီးရဲ့ ဇနီးက သမီးလေးတစ်ဦးမွေးဖွားပါတယ်။အဲဒီကလေးမှာ မွေးရာ ဦးဇင်းလေးရဲ့ညာဘက် ခြေထောက်လိုပဲ မစွမ်းမသန်လေးဖြစ်နေပါတယ်။တိုက်ဆိုင်တာမျိုးမဟုတ်ပဲ ဒကာရဲ့ ပြက်ရယ်ပြုလိုက်တဲ့ အကုသိုလ်ကံ ဒီဘဝမှာ သူမခံစားရပေမယ့် သူရဲ့ သွေးသားတော်စပ်တဲ့ ကလေးမှာသွားပြီးခံစားရတာကိုတွေ့ဆုံးဖူးခဲ့တာပါ။အမှတ်မထင်ပြုလုပ်မိတဲ့ အကုသိုလ်ကံရဲ့ ဆိုးကျိုးဟာ

ပြန်ပြီးပေးဆပ်လိုက်ရတာက ပိုပြီးကြီးမားတယ်လို့ဆိုရမှာပါ။ ဒါကြောင့် အားလုံးသော ဒကာ၊ဒကာမများလည်း သူတစ်ပါး ဒုက္ခရောက်နေသည်ကို မြင်တွေ့ပါက ပြောင်လှောင်ခြင်းမျိုးတွေ မဖြစ်အောင်ထိန်းသိမ်းစေချင်ပြီး

ထိုဒုက္ခရောက်နေသူကို သနားကရုဏာ စိတ်မျိုးမွေးသင့်ပါတယ်။သူတစ်ပါးရဲ့အားနည်းချက်ကို ကြည့်ပြီးပြောင်လှောင်တာမျိုးမဖြစ်အောင်လည်း ထိန်းသိမ်းစေချင်ပါတယ်။တကယ်လို့ မထိန်းမိပဲ အမှတ်မထင်ပြုမိလိုက်ပါက

ဒီဘဝ အကျိုးမပေးသော်လည်း နောင်ဘဝမှာ အကျိုးပေးမှာပါ။ဒါကို ဝဋ်လည်တယ်လို့ဆိုရမှာပါ။ဝဋ်ဆိုတဲ့အရာဟာ

ဦးဇင်းတို့ ဒကာ၊ဒကာမတို့လို ပုထုဇဉ်မှမက ရဟန္တာ၊မြတ်စွာဘုရားအပါအဝင် မည်သို့သော ပုဂ္ဂိုလ်မှလွတ်ကင်းတာမရှိပါဘူး။ပြန်ပြီးခံရစမြဲဖြစ်ပါတယ်။အရှင်မဟာမောဂ္ဂန် ရဟန္တာအရှင်မြတ်ကြီး မြတ်စွာဘုရားရဲ့ လက်ဝဲတော်ရံကြီးဖြစ်လင့်ကစား ဘဝတစ်ခုမှာ မိဘနှစ်ပါးကို မသေမရှင်ရိုက်ခဲ့တဲ့ အကုသိုလ်ကံကြွေး၊ကြောင့် နောက်ဆုံးပရိနိဗ္ဗာန်ဆန်ရမည့်ဘဝမှာလည်း ခိုးသားငါးရာရဲ့ရိုက်နှက်ခြင်းကိုခံခဲ့ရတယ်ဆိုတာ

အားလုံးသော ဗုဒ္ဓဘာသာများ သိဖူး ဖတ်ဖူးကြမှာပါ။နောက်ဆုံးဦးဇင်းတို့ရဲ့ ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားရှင်သည်ပင်လျှင် နုစဉ်အခါတုန်းက အမှတ်မထင်ပြုမိခဲ့တဲ့ အကုသိုလ်ကံကြောင့် ဝိပါတ်တော်(၁၂)ပါးနဲ့နောက်ဆုံးပရိနိဗ္ဗာန်စံတဲ့အထိပေးဆပ်ခဲ့ရတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ပြောလိုတာက သူတစ်ပါးဆင်းရဲဒုက္ခကိုဖြစ်စေ၊သူတစ်ပါးအားနည်းချက်ကိုဖြစ်စေ၊ကိုယ့်ရဲ့ဒုက္ခမဖြစ်အောင်၊

ကိုယ့်ရဲ့အားနည်းချက်မဖြစ်အောင် အမှတ်မထင်ပြုမိတတ်တဲ့ကံကို မပြုလုပ်မိအောင် ထိန်းသိမ်းစောင့်ရှောက်စေချင်တာပါ။

          အမှတ်မထင်ပြုလိုက်မိသည့်ကံကလည်းကြောက်စရာကောင်းလှပါတယ်ဆိုတဲ့အကြောင်းနဲ့ ထိုကြောက်စရာကောင်းတဲ့ ကံကို အသက်ထက်ဆုံးမပြုလုပ်မိအောင် သတိတရားနဲ့ထိန်းသိမ်းစေချင်တဲ့ဆန္ဒနဲ့

အသိပေး ရေးသားလိုက်ရပါသည်။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

No comments:

Post a Comment