Sunday, October 18, 2009

Fwd: Min Ko Naing 47th Birthday statement (18 - Oct - 2009)




"မင်းကိုနိုင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများကို ဝန်းရံကြ"

မင်းကိုနိုင်၏ ၄၇ နှစ်မြောက် မွေးနေ့ ထုတ်ပြန်ကြေညာချက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့

ယနေ့ကျရောက်သည့် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်၏ ၄၇ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် အဖြစ် သူရေးသားသည့် " နောက်ကြည့်မှန်" ဝတ္ထုစာအုပ်ကို ထုတ်ဝေ လိုက်သည်။
ကိုမင်းကိုနိုင်သည် ယုံကြည်မှုအတွက် သူ့ဘ၀၏အကောင်းဆုံးအချိန်များကို နံရံလေးဖက်ကြား ရင်းနှီးမြှပ်နှံ ခဲ့သည်၊ ယခုတဖန် ရင်းနှီးမြှပ်နှံဆဲ ဖြစ်သော်လည်း သူသည် နိုင်ငံရေးသတ္တ၀ါမျှသာမဟုတ်ပေ၊ စကားလုံးများ အတွေးစိတ်ကူးများဖြင့် ဖန်တီးပြခဲ့ သော်လည်း သူသည် အိပ်မက်နှင့် တောကစားနေသော အနုပညာသည်မျှ သာမဟုတ်။
သူသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီက်ု ချက်ကြိုးနှင့် အတူ အဖြတ်ခံခဲ့ရသောမျိုးဆက်ကို ကိုယ်စားပြု သည်၊ သံတိုင်နောက်က မွေးနေ့ကိတ်ပေါ်တွင် ကျနော်တို့ ဖယောင်းတိုင်ထွန်း ခွင့်မရသော်လည်း သူ့နှလုံးသား၏ အလင်းရောင်ကို အားလုံးထဲ ပျံ့နှံ့ရန် သည်စာအုပ်ငယ်ကို ထုတ်ဝေခြင်းသည်ပင် ကျနော်တို့် သူ့အပေါ်ထားသော မေတ္တာတရားနှင့် ဂါရ၀ဖြစ်သည်။
မြန်မာပြည်တွင် မည်သည့်အာဏာရှင် ရှိစေကာမူ မင်းကိုနိုင်သည် စာပေ၊ ဂီတ၊ ပန်းချီ စသည့် အနုပညာ လက်ရာများကို အဆက်မပြတ် ဖန်တီး နေမည့်သူဖြစ်သည်။ သို့သော်လည်း လက်ရှိ မြန်မာပြည် အခြေအနေ ဆိုးများကြောင့် မင်းကိုနိုင်သည် အနုပညာဖန်တီးမှုများကို အချိန်ယူ လုပ်ဆောင်နိုင်ခြင်း မရှိပေ။
လူတဦးအတွက် အသက် ၃ဝ နှင့် ၄ဝ ဝန်းကျင် ရောက်သည့်အချိန်သည် တဖြည်းဖြည်း ရင့်ကျက်လာသည့် ကာလ ဖြစ်ပြီး သူ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်သည်။
မင်းကိုနိုင်သည် သူ၏ အသက် ၃၀ နှင့် ၄၀ ၀န်းကျင်ကာလများတွင် နံရံလေးဘက်အတွင်း ရောက်နေ ခဲ့သည်။ မြန်မာပြည် အရေးအတွက် အလွန်အဖိုးတန်သည့် အချိန်ကာလများကို ပေးဆပ်ခဲ့သူ ဖြစ်သည်။ မိသားစု၊ လွတ်လပ်မှု၊ အနုပညာဖန်တီးမှုတို့ကို ချစ်ခင်သော်လည်း မြန်မာပြည်သားများ လိုလားသည့် ဒီမိုကရေစီ ရရှိရေးကို ဦးစားပေးခဲ့သူ ဖြစ်သည်။

မင်းကိုနိုင်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ် ခဲ့သည့် ညီလာခံတွင် တက်ရောက်လာသူများ၏ တာဝန်ပေးချက်အရ မင်းကိုနိုင် သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာသည်။
ကျောင်းသားခေါင်းဆောင်၊ ဒီမိုကရေစီလှုပ်ရှားမှု၏ ခေါင်းဆောင် မင်းကိုနိုင် သည် ၁၉၈၉ ခုနှစ်မှစ၍ ၁၆ နှစ်ကြာ အကျဉ်းချခံခဲ့ရသည်။ အခန်းကျဉ်းအတွင်း ၁၆ နှစ်ကြာ တကိုယ်တည်း ပိတ်လှောင်ခံရသော်လည်း မင်းကိုနိုင်က မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက် ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချခဲ့သည်။
"ဘယ်လောက်ပဲ မှောင်မည်းပါစေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ငါတယောက်တည်း မဟုတ်ဘူး၊ ငါ့ရဲ့ ရဲဘော်၊ ရဲဘက်တွေ ရှိတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ နေခဲ့ပါတယ်" ဟု ၁၆ နှစ်ကြာ အကျဉ်းချခံထားရရာမှ ပြန်လည်လွတ်မြောက်လာစဉ် ပြောကြား ခဲ့ဖူးသည်။
နိုင်ငံတကာကလည်း မင်းကိုနိုင်၏ လှုပ်ရှားမှု၊ စွန့်လွှတ်ပေးဆပ်မှုများ အတွက် ဂုဏ်ပြုဆုများ ပေးအပ် ကြသည်။ မင်းကိုနိုင်သည် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်နေသူ များကို ကိုယ်စားပြုသူတဦး ဖြစ်လာသည်၊ ရှစ်လေးလုံး လူထု လှုပ်ရှားမှုကို စတင်ခဲ့သူ ၁၉၈၈ မျိုးဆက် ကျောင်းသား များကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
သူ နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက သူတို့ကို ထောင်သွင်း အကျဉ်းချခဲ့သည့် ဗိုလ်ချုပ်ကြီးများအား အာဃာတ စကား မပြောဘဲ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ကြရန်သာ ပြောခဲ့ကြသည်။ စစ်သားများ စစ်တန်းလျား ပြန်ပါဟု မပြောဘဲ တိုင်းပြည် ရှေ့ရေးအတွက် တမျိုးသားလုံး ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ကြသည်။
၂ဝဝ၄ ခုနှစ်တွင် မင်းကိုနိုင် ထောင်မှ ပြန်လွတ်လာစဉ် စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖမ်းဆီးနှိပ်စက်သည့်နည်းဖြင့် ဆက်လက် တုံ့ပြန်လျက်ရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် သူက "မျက်ရည်တွေသိမ်းနိုင်မှ ကျနော် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်တာ အဓိပ္ပာယ် ရှိပါလိမ့်မယ်ဗျာ။ အမေ့အိမ်ကို ညည့်နက်ညမှာ တံခါး လာခေါက်တဲ့ လူဟာ အလည်လွန်နေတဲ့ သားလေးပဲ ဖြစ်သင့်ပါတယ်။ သားလေးကို အမေ့ရင်ခွင်ထဲက လာပြီးတော့ ခေါ်သွားတာမျိုးတော့ မဖြစ်စေချင်တော့ပါဘူး" ဟု ပြောခဲ့သည်။
၂၀၀၇ ခုနှစ်တွင် အာဏာပိုင်တို့က သူ နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင်ဒဏ် အနည်းဆုံး ၆၅ နှစ်စီ ချမှတ်ကာ နယ်စွန်နယ်ဖျားရှိ အကျဉ်းထောင်များသို့ ခွဲ၍ ပို့ဆောင်လိုက်သည်။ မင်းကိုနိုင် နှင့် သူ၏ ရဲဘော်များသည် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို အဆက်မပြတ် ပြုလုပ်နေစဉ် အကျဉ်းချခံလိုက်ရခြင်း ဖြစ်သည်။
နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ထားကြသော မင်းကိုနိုင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၊ နိုင်ငံရေး အကျဉ်းသားများကို မိမိ တတ်နိုင်သည့် နည်းဖြင့်ဝန်းရံအားပေးကြရန် တိုက်တွန်းလိုက်သည်။

                                              -ENDS-
AAPP
For more information:
Joint Secretary Bo Kyi - +66(0)81-3248935
Secretary Ko Tate - +66(0)81-2878751

Thanks N Regards,

Assistant Association for Political Prisoners (Burma)
Web: http://www.aappb.org, http://www.fbppn.net
 "There can be no national reconciliation in Burma,
as long as there are political prisoners."



--
Aung Kyaw Oo
Office Staff
Tel/Fax: +66 55 545495
Mobile: +66 84 5658568
E-mail:   zone.peace@gmail.com
Web:      www.aappb.org
Assistance Association for Political Prisoners (Burma)


No comments:

Post a Comment