Friday, December 31, 2010

Fwd: ဆွေးနွေးခန်း (၁၂၇)


ဆွေးနွေးခန်း (၁၂၇)

မေး - လူထုလှုပ်ရှားမှုကို တန်ပြန်နှိမ်နင်းတဲ့ နည်းလမ်းများနဲ့ပတ်သက်ပြီး အခုခင်ဗျား ရှင်းပြသွားတဲ့ အချက်အလက်လေးတွေက ကျွန်တော်တို့ အတွက် တော်တော်အသုံးဝင်တယ်ဗျာ။ ကျွန်တော်တို့ အနေနဲ့ ဒီလို အသုံးဝင်တဲ့ အချက်အလက်တွေများများ လိုအပ်တယ်ဗျ။ ကဲ အခုဆက်ပြီး နအဖ အရာရှိများ အနေနဲ့ စစ်ခုံရုံးတို့၊ နိုင်ငံတကာ စစ်ခုံရုံးတို့ကို ကြောက်ရတာနဲ့ ပတ်သက်ပြီး နဲနဲလေး ဆွေးနွေးလိုတယ်ဗျ။ နအဖ ဗိုလ်ချုပ်တွေဟာ အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးတို့ ဘာတို့ကို တကယ်ပဲ ကြောက်သလား ဒါမှမဟုတ် သူတို့အပေါ်မှာ fair play လို့ခေါ်တဲ့ ရိုးရိုးသာမာန် အတိုက်အခံလုပ်တာကိုပဲ လိုချင်လို့ အတင်းကာကွယ်နေတာလား ဆိုတာ သိချင်တယ်ဗျာ။

ဖြေ - အလွန်တရာမှ ရှင်းလင်းပြီး မြင်သာတဲ့ အချက်ပဲလို့ ကျွန်တော် ပြောမယ်ဗျာ။ နအဖ ဗိုလ်ချုပ်တွေမှာ အပြည်ပြည်ဆိုင်ရာတရားရုံးတို့ စစ်ခုံရုံးတို့ အကြောင်းသိပ်နားလည်ပြီး ကြောက်ရမဲ့လူဆိုတာ မရှိဘူးဗျ။ ဒါတွေဟာ ဗိုလ်သန်းရွှေရဲ့ စနက်တွေသာဖြစ်တယ်။ မင်းတို့ကို စစ်ခုံရုံးပို့ရင်ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ခြောက်ပြီးထားတဲ့ အတွက် နအဖဗိုလ်ချုပ်တွေဟာ စစ်ခုံရုံးအသံကြားရင် ဖျားနေရတဲ့ ဘဝကို ရောက်နေကြတာပဲဖြစ်တယ်။ တကယ်ပြောရမယ်ဆိုရင်လဲ ဗိုလ်သန်းရွှေဟာ ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်ဖို့ ကန်လန့်ကာနောက်ကနေ အမိန့်ပေးစေခိုင်းနေတာတောင်မှ တာဝန်ယူရဲတဲ့ သတ္တိမရှိပဲ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နအဖ ဗိုလ်ချုပ်များကိုသာ လူပုံအလယ်မှာ ရာဇဝတ်ကောင်များအသွင် ဖန်တီးနေတာကို ကြည့်ခြင်းအားဖြင့် သူဟာ သူ့ရဲ့ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ဖေးမပေးမဲ့ လူမိုက်များမွေးလိုတဲ့ စိတ်ရှိတာကို တွေ့ရတယ်။ အဲဒီလိုလူမိုက်မွေးတဲ့ အလုပ်မျိုးလုပ်မှလဲ သူ့ကိုယ်သူကာကွယ်နိုင်မှာမို့ မာဖီးယားရုပ်ရှင်ကားများထဲကလို မိုက်ရဲရိုက်ရဲ ဥပဒေမဲ့လုပ်ရပ်ကို ရဲရဲတင်းလုပ်အောင် အောက်က ဗိုလ်ချုပ်တွေကို မြောက်ပေးတာပဲဗျ။ နောက်ပြီး စစ်ခုံရုံးတို့ ဘာတို့ကို ကြောက်အောင် ခြောက်ထားတာလဲ ကနဦး အစက ဗိုလ်သန်းရွှေကလို့ ပြောရမှာပါပဲ။ ဒီလို လုပ်ထားခြင်းဖြင့် တွေ့ဆုံဆွေးနွေးရေးတို့၊ ဒီမိုကရေစီထွန်းကားရေးတို့မှာ နအဖဗိုလ်ချုပ်များ စိတ်မလည်လာစေရေး အတွက်ပဲဖြစ်တယ်ဗျ။ အောက်မှာရှိတဲ့ ဗိုလ်ချုပ်တွေကိုတော့ စစ်ခုံရုံး အပို့ခံရမဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ထပ်ခါထပ်ခါကျူးလွန်စေပြီး ကိုယ်ကိုတိုင်ကတော့ ဂရုဏာတရားကြီးမားလေဟန် မီဒီယာတွေမှာ သတင်းလွှင့်စေတာကို ကြည့်ခြင်းအားဖြင့် နအဖဗိုလ်ချုပ်ကြီးများ အနေနဲ့ ဗိုလ်သန်းရွှေ သရုပ်ကို မှန်ကန်စွာ သဘောပေါက်သင့်တာ ကြာပြီခင်ဗျ။ တကယ်တမ်းက အတွင်းထဲမှာ ဖြစ်နေတာက ဗိုလ်သန်းရွှေဟာ သူ့ကိုယ်သူ ခေါင်းကိုင်ဆရာကြီး (godfather) လိုပြုကျင့်နေတာ။

မေး - ဒါဖြင့် စစ်ခုံရုံးတို့ဘာတို့ဟာ နအဖဗိုလ်ချုပ်များကို ခြိမ်းခြောက်နိုင်တဲ့ အရာတခုလို ဆိုလိုတာပေါ့။

ဖြေ - ကျွန်တော်အနေနဲ့ကတော့ ဒီဟာတွေကို ခေတ္တခဏ မေ့ထားရင်ကောင်းမယ်လို့ ထင်တယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ဒီဟာက ဘာမှအထောက်အကူ ဖြစ်စေမှာ မဟုတ်ဖူးဗျ။ ဥပဒေအရ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို လက်ငင်းကာလမှာ ရင်ဆိုင်နေတာတွေကိုပဲ အာရုံစိုက်ရင်ကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းတာ (Forced labor)တို့၊ အရွယ်မရောက်သေးတဲ့ လူမမယ် ကလေးတွေကို စစ်ထဲမှာ အဓမ္မ လိုက်စေတာ (child soldier)တို့မှာ ပဲ ဥပဒေကြောင်းအရ နအဖကို ရင်ဆိုင်သင့်တယ်ဗျ။ ဒီဟာကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များနဲ့ ဒီမိုကရေစီရေးရာ လှုပ်ရှားသူတိုင်းက ထောက်ပံကူညီ အားပေးဖို့ အထူးလိုအပ်တယ်ဗျ။ စစ်ခုံရုံးတို့ ဘာတို့ ဆိုတဲ့ခြိမ်းခြောက်မှုမျိုးကတော့ နအဖ ဗိုလ်ချုပ်များကို နောက်ထပ်စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်မလာအောင် တားဆီးဖို့၊ ဗိုလ်သန်းရွှေရဲ့ မိုက်သထက်မိုက်တဲ့ မိုက်ဇာတ်ထဲမှာ ဆက်မက, ဖို့အတွက် စိတ်ဓာတ်ဆိုင်ရာ စစ်ဆင်ရေးလက်နက်တခု လောက်ပဲ သဘောထားဖို့ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။

မေး - သာမာန်ရိုးရိုး ရာဇဝတ်မှုကျူးလွန်တာတွေ၊ လူအခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ နအဖကို ရင်ဆိုင်နေတာလေးတွေက နအဖကို စိတ်အနှောင့်အယှက်ဖြစ်စေတာက လွဲပြီး ဒီထက်ထိရောက်လာအောင် လုပ်နိုင်ပါ့မလား။

ဖြေ - ခင်ဗျားက ဇွတ်အတင်း ဆက်မေးနေတော့လဲ ကျုပ်ကဖြေရတော့မှာပေါ့လေ။ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ နအဖရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်ရတာတွေ (အတင်းအဓမ္မ နေရာရွှေ့ခိုင်းပြီး ထိုက်သင့်တဲ့ လျှော်ကြေးမရတာတို့၊ အဓမ္မလယ်မြေသိမ်းခံရတာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက်တာ ရန်ပြုတာ (မီးရှို့တာမျိုးတွေလဲပါတာပေါ့ဗျာ)၊ အဲဒါတွေကို ဥပဒေကြောင်း အရ နအဖကို ရင်ဆိုင်ဖို့ ခိုင်မာပြီး တောင့်တင်းတဲ့ ကျောထောက်နောက်ခံ အဖွဲ့ ပြည်သူလူထုမှာ မရှိဘူးဗျ။ အမျိုးသားစည်းလုံးရေးလို့ အခုပြောနေတဲ့ကိစ္စကလည်း ဒီလိုကိစ္စမျိုးမှာ ချက်ချင်း လက်ဖမိုးကနေ လက်ဖဝါးဖြစ်အောင် တတ်နိုင်မှာမဟုတ်ဖူးဆိုတာ နအဖဗိုလ်ချုပ်များနဲ့ စီးပွားရေးအရ ပလဲနံပသင့်နေတဲ့ အဓမ္မဝါဒီ ဝိသမလောဘသားများက သိရှိနေကြတာကြောင့် အခုဆို နိုင်ငံတလွှားမှာ ကျူးလွန်မှုတွေဟာ တိတ်တိတ်ဆိုတာတောင်မရှိတော့ပဲ ဗြောင်ကျကျလွန်ကျူးနေကျတာကို တွေ့ရမှာပေါ့။ ဒါပေမဲ့ နအဖ ဗိုလ်ချုပ်တွေ ကြောက်တာဟာဆိုတာတော့ ရှိသေးတာပေါ့ဗျာ။ ညီညွတ်ပြီး အချိန်ကြာကြာတောင့်ခံထားနိုင်တဲ့ လူထုအုံကြွမှုမျိုးနဲ့၊ စစ်ခုံရုံးဆိုတာကိုတော့ နအဖ ဗိုလ်ချုပ်များ အလွန်ကြောက်ကြတာကို ကျွန်တော်က ကိုယ်တိုင်ကိုယ်ကျ သိထားရတယ်ဗျ။ နောက်ပြီး အခုအချိန်မှာ နအဖဗိုလ်ချုပ်တွေဟာ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ဖို့ ဂမူးရှူးထိုး ကြိုးစားလာတာ ခင်ဗျားသတိထားမိမှာပေါ့။ နိုင်ငံရေးအရ ၂၀၁၀ ရွေးကောက်ပွဲဟာ မြေပုံဆွဲထားရလို့သာ လုပ်ရတယ် ထင်သလို အခြေအနေမကောင်းမှန်းသိလာတဲ့အခါ ကြံဖွံနာမည်ကို အသုံးချပြီးတမျိုး၊ အောက်က ဗိုလ်ချုပ်များ၊ ဝန်ကြီးများကို နာမည်ခံခိုင်းပြီးတမျိုး နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေက ဓနဥစ္စာကို အလုံးအရင်း သိမ်းပိုက်ဖို့လုပ်လာတာ၊ ဒါအကြောင်းရှိတယ်ခင်ဗျား။ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု ဖိအားဟာ တော်တော့ကို ကြီးမားလာတာ နအဖ စီးပွားရေး အသိုင်အဝိုင်း (တေဇလို လူမျိုးကစပြီး အောက်လူများ)မှာ ကျပ်တည်းလာတယ်ဗျ။ ဆိုလိုချင်တာကတော့ ဘိန်းစိုက်ပျိုးမှုတွေကို တိုးတက်လာအောင်လုပ်မယ်၊ ပြည်သူလူထုရဲ့ စည်းစိမ်ဥစ္စာတွေ အဓမ္မ ခြိမ်းခြောက်ခံလာရမယ်၊ တတ်နိုင်ရင် နျူကလီးယားဒုံးပျံတွေ ထုပ်လုပ်တပ်ဆင်နေပါတယ်၊ ဒီ မက်ဆေ့ တွေကို ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်အပါအဝင် အမောက်နိုင်ငံအစိုးရများ၊ ဒီမိုကရေစီအင်အားစုများကို ပေးခြင်းအားဖြင့် နအဖဟာ ဘာကို လိုချင်နေတယ်ဆိုတာကို ခင်ဗျား ရိပ်စားမိလောက်ရောပေါ့။

မေး - စီးပွားရေး ပိတ်ဆို့မှုတွေကို ရပ်တန့်စေချင်တယ်။

ဖြေ - ဒါတင်ဘယ်ကမလဲဗျာ။ ဗိုလ်သန်းရွှေက စစ်တပ်ကိုရော ပါလီမန်ကိုရော အုပ်စီးထားနိုင်မဲ့ နိုင်ငံအစိုးရသစ် (အဲဒီ အစိုးရဖွဲ့စည်းပုံ အသေးစိတ်ကိုတော့ ကျွန်တော်စုံစမ်းလေ့လာနေဆဲပဲဗျ တိတိကျကျ မပြောနိုင်သေးဘူး) ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံအသိအမှတ်ပြုဖို့ အထိပါရည်ရွယ်တယ်ဗျ။

မေး - ဒါပေမဲ့ ဒါတွေက ခင်ဗျားပြောသလို မက်ဆေ့ဖြစ်နေရုံ့တင်မကပဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အမှန်တကယ်ခြိမ်းခြောက်နေတာကြတော့ရော ခင်ဗျားဒါကို ဘယ်လိုပြောမလဲ။

ဖြေ - ကျွန်တောခင်ဗျားကို ပြောပြီးပြီလေ ကျွန်တော်တို့၊ ခင်ဗျားတို့မှာ ဥပဒေကြောင်းအရ ခိုင်မာစွာ ရင်ဆိုင်နိုင်တဲ့ အားမရှိသေးဘူး။ နအဖက ဒါကို အခွင့်ကောင်းယူနေတာဖြစ်တယ်။ နောက်ပြီး စီးပွားရေးအရ လက်ဝါးကြီးအုပ်ဖို့ကြိုးစားတာကလဲ နအဖမှာ လှုပ်ခပ်မှုတွေရှိတယ် ပြည်တွင်းမငြိမ်မသက်မှုတွေ ဖြစ်လာရင် နိုင်ငံရပ်ခြားမှာ ထိန်းချုပ်ခံထားရတဲ့ ထိန်းချုပ်ခံရဖို့ အလားအလာရှိတဲ့ ပိုင်ဆိုင်မှုတွေ ရင်းစားပြန်ရဖို့နဲ့ တခြားနေရာတခုမှာ ဣနြေ္ဒရရ နေနိုင်ဖို့ရည်ရွယ်ရင်းလည်းဖြစ်တယ်ဗျ။

မေး - ခင်ဗျားပြောသလို စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ နအဖက လိုလားတယ်။ ဒါပေမဲ့ စီးပွားရေး ပွင့်လင်းလာရင်ကော နအဖက ခုလို လက်ဝါးကြီး အုပ်ဗိုလ်ကျထားမယ်ဆိုရင်ကော ပြည်သူလူထုက လွပ်လပ်စွာ စီးပွားရှာနိုင်ပါ့မလား။ အဲဒါက နအဖကို မြင်းချိုတပ်ပေးသလို ပိုအားကောင်းလာစေနိုင်တာရော မဖြစ်နိုင်ဘူးလား။

ဖြေ - အများကြီး ဖြစ်လာနိုင်စရာ အလားအလာရှိတာပေါ့ဗျာ။ စီးပွားရေးပိတ်ဆို့မှုတွေ ရပ်တန့်သွားရင် အခုချိုသွေးထားတဲ့ နအဖနဲ့ စီးပွားရေးလုပ်ငန်းရှင် တသိုက်အတွက်ပဲ အကျိုးအမြတ်ဖြစ်မဲ့ အခြေအနေမျိုးဖန်တီးယူကြမှာ ဥပဒေဘောင်အတွင်းကရော အပြင်ကရောပါပေါ့၊ ဒါပေမဲ့ ဒီလို အချိန်မျိုးမှာ အဓိကကြတဲ့၊ ပြည်သူလူထုကို အကျိုးပြုစေမဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတို့ စင်ကာပူတို့၊ ထိုင်းနိုင်ငံတို့မှာလို့ ရနိုင်မှာမဟုတ်ဖူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးတည်ငြိမ်မှု၊ ရာဇဝတ်မှုနဲ့ ချစားမှုကင်းစင်တဲ့ စီးပွားရေးစစ်စစ်ကို နအဖကတည်ထောင်နိုင်မှာမဟုတ်တဲ့ အတွက်ပဲ။ ပွင့်လင်းတဲ့စီးပွားရေးဆိုတာလဲ နအဖ အချုပ်ချာအာဏာနဲ့ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ တစိတ်တပိုင်းသာပွင့်လင်းတဲ့ စီးပွားရေးမျိုးဖြစ်ဖို့ နအဖမှာ အစီအမံရှိတယ်ဆိုတာပဲဗျ။

မေး - ဥပဒေကြောင်းအရ ပြည်သူလူထုဘက်မှာ ခိုင်မာတဲ့ ရပ်တည်ပေးမှုကို ဘယ်မှာရနိုင်မလဲဗျ။

ဖြေ - ဒီမိုကရေစီအင်အားစုများအနေနဲ့ ဥပဒေရေးရာမှာ ခိုင်မာတဲ့ အကာအကွယ် ဖန်တီးနိုင်စွမ်း အခုအချိန်မှာ မရှိတာကို ကျွန်တော်ထောက်ပြလိုတယ်ဗျ။ အရင်တုန်းကလဲ ပြောဖူးပါတယ် ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အမြေင်ကျယ်အောင်လုပ်ပေးဖို့လိုတယ်။ ရှိသမျှတတ်နိုင်သမျှ  ဥပဒေဆိုင်ရာ အင်အားစုတွေပေါင်းပြီး ပြည်သူလူထုအပေါ်မှာ ကျူးလွန်နေတာတွေကို ကာကွယ်၊ အသိပေး၊ နားလည်၊ စည်းရုံးဖို့လိုတယ် ဆိုတာလေ။  အလုပ်သမား သမဂ္ဂတွေဘာတွေ ပေါ်ပေါက်လာဖို့ ILO တို့ဘာတို့နဲ့ နအဖကို ဖိအားပေးလုပ်ဖို့ ကြိုးစားတာအောင်ဖြင်အောင် ဆက်လက်တွန်းအားပေးဖို့လိုတယ်ဗျ။ Forced labor ဟာ ကောင်းမွန်တဲ့ အကြောင်းပြချက်ပဲ။  ပြည်တွင်းမှာစည်လုံးရှိဖို့ ပထမဦးဆုံးလိုအပ်တယ်ဗျ။ နောက်ပြီး ထိပ်တိုင်ရင်ဆိုင်ဖို့ ဆိုတာရယ်၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာရယ် ၂ခုစလုံးကို မလိုလားကြောက်ရွံနေတဲ့ စစ်ဗိုလ်ချုပ်တွေကို ထိပ်တိုက်ရင်ဆိုင် ဒါမှာမဟုတ် တွေ့ဆုံဆွေးနွေး တစ်ခုကို အတင်းအကျပ်ရွေးစေခြင်းဟာလဲ လိုအပ်တဲ့ အချက်တခုပဲဖြစ်တယ်။ ပထမနည်းလမ်းကို အသုံးပြုဖို့ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီထက်ကို ပိုမိုထိရောက်တဲ့ ထောက်ပံကူညီမျိုး မဖြစ်မနေလိုအပ်တယ်ဗျ။ အဲဒါတွေအားလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ chain actions ဖြစ်နေပြန်တယ်။ ခင်ဗျားတို့ လုပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုကတော့ ဒီ နအဖရဲ့ ကျူးလွန်မှုကို စုစည်း (consolidate) လုပ်ပြီး နိုင်ငံတကာမှာ သိသာအောင်တင်ပြရမယ်။ ရာဇဝတ်မှုတွေကို crime against humanity ခေါင်းစဉ်အောက်မှာစုစည်းပြီး နိုင်ငံတကာရဲ့ ခိုင်မာတဲ့ထောက်ပံမှုနဲ့ ပြည်တွင်းစုစည်း ညီညွတ်မှု ပူးပေါင်းကာ တွေ့ဆုံဆွေးနွေး (သို့) ထိပ်တိုင်ရင်ဆိုင် လမ်းကို ရွေးစေချင်းဟာ မဟာဗျူဟာနည်းလမ်းပါပဲ။ နအဖက ပြည်တွင်းစုစည်းညီညွတ်မှု ကွဲပြားသွားရေးလုပ်ဆောင်လာနိုင်တာကို သတိရှိရမယ်ဗျ။ ကြည့်ရတာ နအဖမှာ ပြည်တွင်းစုစည်းမှုကို ဖြိုခွဲပစ်ဖို့ ဘဏ္ဍာရေးအရ တောင့်တောင့်တင်းရှိမနေတော့ဘူးလို့ မှန်းရတာပဲဗျာ။ အကြောင်းထူးတာလေးတွေ ရှိရင် ခင်ဗျားကို ပြောလိုက်ပါမယ်။

No comments:

Post a Comment