Friday, July 1, 2011

Fwd: သရဏဂုံ၊ မေတ္တာနဲ့ သတိ



ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ

အဲ့ဒီလို ရွတ်ဆိုလိုက်ပြီး အနက်အဓိပ္ပါယ်ကို ရွတ်ဆိုချင်ပါတယ် ဆိုရင်လည်း ….

ဗုဒ္ဓံ = မြတ်စွာဘုရားရှင်ကို ၊ သရဏံ = ကိုးကွယ်အားထားရာဟူ၍ ၊ဂစ္ဆာမိ = ရှိခိုးပါ၏ဘုရား ။
ဓမ္မံ = တရားတော်မြတ်ကို ၊ သရဏံ = ကိုးကွယ်အားထားရာဟူ၍ ၊ဂစ္ဆာမိ = ရှိခိုးပါ၏ဘုရား ။
သံဃံ = သံဃာတော်မြတ်အပေါင်းကို ၊ သရဏံ = ကိုးကွယ်အားထားရာဟူ၍ ၊ဂစ္ဆာမိ = ရှိခိုးပါ၏ဘုရား ။

ဟူ၍ နားလည်သဘောပေါက်နိုင်ပါတယ် … ။

အဲ့ဒီလို ကျနော် ရေးလိုက်သော သရဏဂုံတည်စေသော စာတစ်ကြောင်းကို နားလည်ခြင်းနဲ့ ဖတ်လိုက်ရုံတင်ကိုပဲ သင့်မှာ ကောင်းမှု အနည်းငယ် တိုးသွားပါပြီ .  တတ်နိုင်သလောက် ထပ်ပြီး ရွတ်ဖတ် နေမယ်ဆိုရင်ဖြင့် ပိုပြီး ကုသိုလ်နဲ့ စိတ်ချမ်းမြေ့ဖွယ်ရာတွေ တွေ့လာပါလိမ့်မယ် .. ဒါပေမဲ့ .. "ထပ်ဆင့်ပွားများတာ မများတာက သင့်အပိုင်းပါ ." လို့ ပြောချင်ပါတယ် ။. တကယ်တော့ ကုသိုလ်ဖြစ်စေဖို့ လူတိုင်း အားထုတ်ချင်ကြပါတယ် . ဘာကြောင့်လဲ ဆိုရင် လိုချင်မှုကြောင့်ပါ အရာရာ အဆင်ပြေဖို့ စိတ်ငြိမ်စေဖို့အတွက် သရဏဂုံသုံးပါးကို ရွတ်ဆိုနေပါကလည်း တန်ဖိုးရှိလှပါတယ် .။

သရဏဂုံ သုံးပါးကို အမြဲဆောင်လို့ အန္တရာယ်ကင်းကြ . အဆင်ပြေကြ တဲ့သူတွေ ရှိကြပါတယ် ယုံကြည်မှုနဲ့ ဆောင်တာက ပိုပြီး မွန်မြတ်ပါတယ် .

နောက် မေတ္တာပို့ခြင်းပါ… လူတိုင်း အမှတ်ရခဲပါတယ် .. မေတ္တာလို့ စကားဟလိုက်ရင်တော့ လူတိုင်းနားလည်ကြတယ် လက်ခံကြတယ် .. ဒါပေမဲ့ ဆောင်ထားဖို့ကတော့ တော်တော်ခက်ပါတယ် .. တကယ်တော့ မေတ္တာဆိုတာ လူ့သဏ္ဍန်မှာ ဆောင်ထားအပ်တဲ့ အရာပါ . ဘယ်လူမျိုး ဘယ်နိုင်ငံသားနှင့်မဆို မေတ္တာတရားဟာ ဘာသာစကားတတ်ကျွမ်းဖို့ မလိုပါဘူး ထိရောက်ပါတယ် အကျိုးများပါတယ် .. တဖက်သားကလည်းမိမိကို လက်ခံယုံကြည် လာတဲ့ သဘောသဘာဝ အစွမ်းရှိပါတယ် .. ။

မေတ္တာပို့ရာမှာ ငယ်ငယ်က ကျောင်းမှာ ဆိုခဲ့တဲ့ အတိုင်း ပြန်ဆိုပြချင်ပါသေးတယ် .. ငယ်ငယ်ဆိုရင် အရပ် ဆယ်မျက်နှာကို တခုချင်း ရွတ်ပြီး မေတ္တာပို့ရတာပါ .. ။ ကျနော် အလယ်တန်း ကျောင်းသားဘဝ . ကျောင်းအုပ်ဆရာကြီး ဦးဘအေးကနေ . "မင်းတို့ မနက် ကျောင်းတက်ချိန်မှာ သမ္ဗုဒ္ဓေဂါထာနဲ့ မေတ္တာပို့ကို ရွတ်ပြီးမှ စာဆက်သင်မယ်.." ဆိုပြီး မိန့်ကြားပါတယ် ..။ ကျနော်တို့တတွေလည်း အဲ့ဒီ အစီအစဉ်တွေနဲ့ နေ့တိုင်း ရွတ်ဖြစ် မေတ္တာပို့ ဖြစ် ပါတယ် ။ ထိုအတွက်လည်း ဆရာကြီးကို ကျေးဇူးတင်မိပါတယ် ။

မေတ္တာပို့တုန်းက ရွတ်ဆိုတာလေးကိုဖော်ပြချင်ပါသေးတယ်

အရပ်ဆယ်မျက်နှာမှာ = အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ အရှေ့တောင် ၊ အနောက်တောင် ၊ အနောက်မြောက် ၊ အရှေ့မြောက် ၊ အထက် ၊ အောက်  စသည့်ဖြင့် အစဉ်အတိုင်း သွားပါတယ် ။

မေတ္တာ စိတ်ထားပုံမှာ (…..) အရပ်၌ရှိသော… အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ….  ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ …..၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ……..၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ ……၊ နှလုံးစိတ်ဝှမ်း အေးချမ်းကြပါစေ …… ဆိုပြီး ရွတ်ဆိုကြပါတယ် ။ အဲ့ဒီရွတ်ဆိုနည်းဟာ  အရပ် တဖက်စီအတွက် မနက်စောစော ရေဒီယိုမှ မေတ္တာပို့သလို ပါပဲ ။ အဲ့ဒီမှာ အနန္တစကြာဝဠာ အနန္တသတ္တဝါ တို့ကို  ဆိုစဉ် မိမိစိတ်မှာ ထို ဒေသတွေအထိ မေတ္တာဓါတ်တွေ ပို့လွှတ်သလို စိတ်ကူးထဲ မြင်ယောင်ပြီး ဆိုကြည့်ပါ ။ ကြည်နူးစရာ အရမ်းကောင်းပါတယ် ။

တကယ်တော့ မေတ္တာတရားဟာ ပို့သသူမှာ အမှန်တကယ် ငြိမ်းအေးစေပါတယ် . မေတ္တာအကျိုး မတုံ့ပြန်သေးခင် မေတ္တာဓါတ်တွေ ပို့လွှတ်နေစဉ်မှာကိုပဲ ငြိမ်းအေးမှု  ဖြစ်စေတာပါ ။

လူတစ်ယောက်ရဲ့ဘဝမှာ ငြိမ်းချမ်း ခြင်းတွေနဲ့ ပြည့်စုံဖို့ လူတိုင်း တောင်းတကြပါတယ် မျှော်လင့်ကြပါတယ် ။ တချို့ဆို သူတို့ဘဝနေဝင်ချိန် (အသက်ကြီးလို့ သေခါနီး) မှာ ငြိမ်းချမ်းခြင်းကို တကယ် လက်တွေ့  လုပ်ဆောင်ကြမယ်ဆိုပြီး နှလုံးသွင်းနေတတ်ကြပါတယ် ။ တကယ်တော့ .. မနက်ဖြန်ဆိုတာ နေရဖို့အတွက် မသေချာတဲ့ ဒီခေတ်ကြီးထဲမှာ နောင်နှစ်ပေါင်းများစွာအတွက် အစီအစဉ်တွေဟာ သေချာပါတယ်လို့ မည်သူပြောနိုင်မည်လဲ ။ မည်သူ အာမခံ နိုင်ပါမည်လဲ ။ မိမိဘာသာ မေးကြည့် ထားသင့်ပါတယ် ။

ဘဝဆိုတဲ့ လမ်းကြောင်းမှာ တနေ့တာလေးတွေဖြင့် စုစည်းပြီး ပေါင်းစပ်ထားခြင်းပါ ။ တနေ့တာလေးတွေမှာတောင် နာရီ ၊မိနစ် ၊ စက္ကန့် ဆိုသော တိုင်းတာချက်လေးများဖြင့် ဖွဲ့စည်းထားပြန်ပါသေးတယ် ။ ထိုဘဝကြီး ငြိမ်းချမ်းတာကို လိုချင်ပါတယ်လို့ တောင်းတကြတဲ့ အခါမှာ .. ထိုဘဝကြီးရဲ့ အစိပ်အပိုင်းများဖြစ်တဲ့ တနေ့တာမှာရော မိမိ အေးချမ်းပါသလား ငြိမ်းချမ်းပါသလား ။  ထိုတနေ့တာ မအေးချမ်းဘူးဆိုတာ ထားပါအုံး ။ တနေ့တာရဲ့ နာရီ အစိပ်အပိုင်းလေးရော အေးချမ်းပါသလား ဆိုတာ မိမိကိုယ်ကို မေးသင့်တာပါ ။ အဲ့ဒီလိုမှ မအေးချမ်းဘူးဆိုရင်တော့ တဘဝလုံး ငြိမ်းချမ်းချင်ပါတယ်ဆိုတဲ့သူအတွက် သတိထားပြီး နေဖို့ လိုလာပါပြီ ။

စက္ကန့်ပိုင်း မိနစ်ပိုင်းလေးတွေကို သတိထား ပြီး မေတ္တာဓါတ်တွေ ကိန်းအောင် နေကြည့်ပါ ။ အလုပ်လုပ်နေစဉ်အတွင်း ၊ အစားစားနေစဉ်အတွင်း ၊ စကားပြောနေစဉ်အတွင်း ၊ မေတ္တာစိတ်နဲ့ ပြောကြည့်ပါ နေကြည့်ပါ ။ ထိုအချိန်မှာ မိမိဆီမှ ငြိမ်းချမ်းတဲ့ ဓါတ်တွေ ပွားများလာပါလိမ့်မယ် ထို့အတူ တခြားသူကိုလည်း ကူးစက်ကာ ထိုသူပါ မိမိရဲ့ မေတ္တာရိပ်အောက်မှာ  ပြုံးပျော်လာတဲ့ အဖြစ်ကို ရရှိပါလိမ့်မယ် ။

သတိထားပြီးနေတဲ့ နည်းလမ်းလေးလည်း  ရှိပြန်ပါသေးတယ် ။ မိမိစိတ်ကို သတိထားကြည့်တဲ့ သဘောလေးပါ .။ မိမိစိတ်မှာ လောဘ ဖြစ်နေတယ်ဆိုရင် လောဘစိတ်ကလေးက ဘယ်လိုလေးလဲ ဆိုပြီး သတိထားကြည့်တဲ့ သဘောလေးပါ ..။ ထိုလောဘ စိတ်ကလေးက စဖြစ်စအတိုင်း တည်မြဲမနေပဲ ပျောက်သွားတဲ့သဘောလေး  . နောက်ထပ် တစ်ခုထပ်ဖြစ်လာတဲ့ သဘော ထိုသို့ ဖြစ်လာလိုက် ပျက်သွားလိုက် ပေါ်လာတဲ့စိတ်ကလေးကို မြင်အောင်ကြည့်နိုင်ရင်ဖြင့်  မိမိသည် ငြိမ်းချမ်းရေးနယ်ပယ်ထဲကို ခြေတဖက်စချလိုက်သလို ဖြစ်လာပါလိမ့်မယ် ။ ထိုသို့ သတိထားပြီး ဖြစ်ပေါ်လာတဲ့ ဒေါသ လောဘ မောဟ ဆိုတဲ့ စိတ်ကလေးတွေကို မြင်အောင်ကြည့်တာဟာ စိတ္တာနုပဿနာလို့ခေါ်တဲ့ သတိပဌာန် ကျင့်နည်းလေးပါ ။

လူတစ်ယောက်ဟာ မိမိတနေ့တာမှာ အကောင်းဆုံးတွေနဲ့ ဖြတ်သန်းဖို့ စီစဉ်ထားတဲ့ သူဆိုရင်ဖြင့် ကျနော် အထက်က ပြောတဲ့  ( သရဏဂုံရွတ်ခြင်း ၊ မေတ္တာပို့ခြင်း ၊ သတိထားနေခြင်း ) တွေဟာ သက်ရောက်မှု တခုခုတော့ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

သဗ္ဗေသတ္တာ ဝေနေယျ အပေါင်း ချမ်းသာကိုယ်စိတ် မြဲကြပါစေ……………..။

ဘာနေ

 



No comments:

Post a Comment